Thursday, August 15, 2013

ပန်းနဲ့ပေါက်တာလဲ နာချင်တယ်

                                ပန်းနဲ့ပေါက်တာလဲ နာချင်တယ်

ဒီနေ့ သလ္လာဝတီသတင်းဌာနက တက်လာတဲ့ မုံရွာနယ်က ဘုန်းကြီးတစ်ပါးကို အမျိုးသမီးတစ်ယောက်က ပန်းအိုးနဲ့ ပေါက်လို့ ခေါင်းကွဲတဲ့သတင်းကို ညီငယ်အရွယ် ဦးဇင်းလေးတစ်ပါးကို ပြောပြဖြစ်တယ်။

ပြောတဲ့အခါ အင်တာနက်ခေတ်ရဲ့ မြန်ဆန်တဲ့ သတင်းရေစီးကြောင်းကြောင့် တစ်ချို့သော သာမန်ကိစ္စလေးတွေတောင်မှ ပုံကြီးချဲ့ခံရနိုင်ပြီး အနေကြပ်လာနိုင်တယ်လို့ ပြောပြမိတော့ ညီငယ်ဦးဇင်းလေးရဲ့ ကောက်ချက်စွဲမှုက ပန်းနဲ့ပေါက်တာမဟုတ်ပဲ တကယ်ပန်းအိုးနဲ့ ပေါက်လိုက်သလို နာကျင်စေခဲ့တယ်။
သူ့ရဲ့စကားက “တပည့်တော် လူထွက်တော့မှ ထင်တယ်”တဲ့။

ဟိုက် ပြဿနာ၊ ပြောပြမိမှ အပြစ်က ပိုကြီးသွားလေပြီလား။ “ကိုယ်တို့တတွေ ဟော့ဟော့ရမ်းရမ်း မနေရင် ပြီးတာပါပဲကွာ၊ လူတော့မထွက်လိုက်ပါနဲ့၊ စိုးရိမ်စရာ မရှိပါဘူး”လို့ ပြောလိုက်ရသည်။

စိုးရိမ်စရာတွေ မရှိဘူးလို့သာ ဆိုရသည်၊ စိုးရိမ်စရာတွေက တသီတစ်တန်း၊

ဦးဇင်းလေးက ပထမကြီးတန်းကို ဒီနှစ် ဖြေထားသည်။ အဲဒီတော့ ပထမကြီးတန်းအထိ ကျက်ခဲ့ရ မှတ်ခဲ့ရ ဆိုခဲ့ရတဲ့ စာတွေဟာ လူ့လောက အတန်းကျောင်းသားတွေထက် မပိုရင်သာနေမယ်၊ မလျော့တာတော့ အမှန်ပင်။ သူဘုန်းကြီးဘဝက သိခဲ့သော တတ်ခဲ့သော အသိပညာ အတတ်ပညာတွေဟာ လူ့ဘဝရောက်လာရင်တော့ ရေးတတ်ဖတ်တတ်အဆင့်မျှသာ။ ညီငယ်ဦးဇင်းလေး မတော်လို့များ လူထွက်သွားခဲ့ရင်။

ဒီမှာပဲ စဉ်းစားမိသည်။
ကလေးဘဝကတည်းက သာသနာ့ဘောင်ဝင်ခဲ့သောသူကို တစ်သက်လုံးနေရမည်ဟု ဘယ်သူမှ အမိန့်လည်း မပေးနိုင်သလို ဘယ်သူမှလည်း အာမခံချက်ပေးကြမည်မထင်။
ကြားဖူးတာတစ်ခုတော့ ရှိသည်၊ ဟာသအဖြစ်ပေါ့၊ ရဟန်းခံပေးချင်ရှာသော ဒကာမတစ်ယောက်က ဘုန်တော်ကြီးထံ ရဟန်းလောင်း တောင်းသောအခါ မိမိလိုသော ရဟန်းလောင်းပြည့်စုံရမည့် အချက်တို့ကို လျှောက်ထားသတဲ့၊ ရုပ်ချောရမည်၊ စာတတ်ရမည်၊ အကျင့်ကောင်းရမည်၊ တစ်သက်လုံး ဘုန်းကြီးဝတ်ရမည်စသည် စသည်။ ဒါနဲ့ ဆရာတော်က ထိုဒကာမကို သူလိုချင်သော အင်္ဂါရပ်များနှင့်အညီ ကိုယ်တော်တပါးကို ညွှန်ပြလိုက်ပါသည်။ ထိုကိုယ်တော်ကား ဘုရားခန်းအတွင်း သပ္ပါယ်စွာ သတင်းသုံးသော ဆင်းတုတော် ဟူသတတ်။
ထိုကဲ့သို့ ခြောက်ပြစ်ကင်း အဖြစ်ကို အဘယ်မှာ ရပါမည်နည်း။

ပြောခြင်တာက ခေတ်အသုံးအဆောင်တို့ အလျှံပယ် ပေါကြွယ်ဝကာ ကိုယ်ခံသဒ္ဓါတရားတို့ အားနည်းလာသော ခေတ်ဝယ် တစ်သက်လုံးမြဲမည်ဟု မည်သူမှ အာမမခံနိုင်သော ထိုကိုရင် ရဟန်းငယ်တို့၏ ဘုန်းကြီးဘဝမှ သင်ခဲ့ရတဲ့ အသိပညာ အတတ်ပညာတွေဟာ လူ့ဘဝမှာ ရေးတတ်ဖတ်တတ်အဆင့်သာ ဖြစ်သဖြင့် သူတို့အတွက်လည်း စဉ်းစားရတော့မည်။

သူတို့သည် မြန်မာနိုင်ငံအတွင်းမှ ပြည်ထောင်စုသား လူမျိုးများ ဖြစ်သည်။
ဒါ့ကြောင့်
၁။ သူတို့အတွက် ဉာဏလုပ်သားဖြစ်ရမည့်အစား ကာယလုပ်သားများ ဖြစ်ကြရတော့မည်။
၂။ သူတိုကိုယ်တိုင် နစ်နာမည်။
၃။ တိုင်းပြည်အတွက် နစ်နာမည်။
အခြား အခြားသော တိုင်းပြည်နှင့်လူမျိုးများအတွက် နစ်နာစရာမများစွာ ရှိနိုင်ပေဦးတော့မည်။ စဉ်းစားကြပါကုန်။

ဒီတော့ မိမိစဉ်းစားမိသည်ကား ငယ်စဉ်ကတည်းက မိဘတွေရှင်ပြုပေးစဉ်က ပျော်ရွင်လို့ ဝတ်ခဲ့သော ဘာမှမစဉ်းစားမိပဲ ဝတ်ခဲ့မိသော သူတို့အတွက်၎င်း၊ ခေတ်နှင်ပြိုင်နေရသော ပညာရေး ရေစီးကြောင်းဝယ် ကျောင်းထိုင်ဘုန်းကြီးလုပ်၍ ဘာသာ သာသနာ စာရိတ္တကို ပြုပြင်၍ ခေတ်မှီပညာရေးကို သင်ကြားပေးလိုသော ဘုန်းကြီးများအတွက်၎င်း၊ ခေတ်စနစ်နှင့်ညီသော ပညာရေးကို ပြောင်းလဲနိုင်ရင် ကောင်းမည်ဟု။

မြင်းကျောကုန်းပေါ်က ဖရဲသီးပမာ လုပ်လီလုပ်လှဲ့ သဒ္ဓါနဲ့ ဘုန်းကြီးကို ကိုးကွယ်ရလျှင် အရိယာအရှင်တို့လို အပြစ်ကင်းတာကိုမှ အကျိုးရသဖြင့် ကိုးကွယ်လိုကြသော အမုန်းကို လက်နက်ပုန်းပမာ သိုဝှက်တတ်စွာသော အချို့သော ပညာတတ်(ကိုယ့်ကိုယ်ကို သတ်မှတ်တာလဲ ဖြစ်နိုင်) ဂုဏ်ရှိ ပစ္စည်းရှိတို့၏ ဘုရားဟောဒေသနာမှာ သုတ္တနိက္ခေပ( သုတ်တစ်သုတ်ကို သတ္တဝါတို့အား ဟောတော်မူခြင်းအကြောင်း(သို့) ရည်ရွယ်ချက်)ကို စိစစ်ဖို့ နားမလည်ပဲ ကိုယ်ဖတ်ဖူးတဲ့ ဘုရားဟောကို လိုသလို ဖြတ် ညှပ် ကပ် ပုံစံနဲ့ မူရင်းပုံစံကိုဖျက်ကာ ပုထုဇဉ်နှင့်အရိယာရဟန်းတို့ကို တန်းညှိချင်လာသော ဒီမိုကရေစီခေတ်ရေစီးကြောင်းဝယ်။

ဘုန်းတော်ကြီးတို့ကလည်း တိုင်းပြည် လူမျိုး ဘာသာ သာသနာကို တကယ်ချစ်ရာရောက်သော အရေးကြီးလှသော ပညာရေးအတွက် စဉ်းစား စည်းဝေး ဆုံးဖြတ်ကြလျှင် ။
ဒကာ ဒကာမတို့ကလည်း ကိုယ့်နိုင်ငံသား ကိုယ့်ဘာသာ သာသနာ ကိုယ့်တိုင်းပြည်ကို တကယ်ချစ်ကြရင်။
ထိုဆရာ ဒကာတို့ အပြစ်မမြင်ကြပဲ ချစ်ခင်ကြမယ်ဆိုရင်။
အဲဒီနောက် ပညာရှိများပီပီ တကယ်တွေ့ဆုံ စည်းဝေး ဆွေးနွေးကြရင်ကော။

အကဲဆတ်လှသော ဒီမိုကရေစီခေတ်ဝယ် လူဖြစ်လာရသော ငါတို့မှာကား ပန်းနဲ့ပေါက်တာပင် နာချင်လေပြီတကား။

2.7.2013

မိမိအမြင်သာ။ ဝိုင်းဝန်းစဉ်းစား အဖြေရှာကြပါကုန်။



စေတနာရှေ့ထားပြီးပြောပြပေးလို့ကျေးဇူးပါ  ရဟန်းဘ၀ရဟန်းတပါးရဲ့ခံစးချက်ကိုနာလည်းပေးနိုင်ဖို့ဆိုရင်
တော့ရဟန်းဖြစ်ဖူးမှရယ်(သို့)ရဟန်းတပါနဲ့အတူရင်းရင်းနှီးနှီးနေဖူးမှရယ်သိနိုင်တာမျိုးမို့သိနိုင်အောင်ကြိုးစာ
ချင်ရင်တော့ ရဟန်းတပါးအထံမှာနည်းနာနိဿယခံယူကြပေါ့.....။

                                                                      မောင်အောင်မြင့်မြတ်(အရာတော်)
 

No comments:

Post a Comment