လက်ဦးဆရာ.... =========
အုပ်ထိန်းသူမိဘတစ်ဦးနဲ့ ကျွန်မခင်မင်ရင်းနှီးပါတယ်။ သူ့သမီးက
သတ္တမတန်းတက်နေပြီး စာတော်ရုပ်ချောသူဖြစ်ပါတယ်။ သမီးအသက်ငယ်ငယ်ရွယ်ရွယ်နဲ့
ရည်းစားထားမှာ၊ ကျောင်းစာထိခိုက်မှာကို သူစိုးရိမ်ခဲ့တယ်။ ဒါကြောင့်
သမီးအလယ်တန်းတက်တာနဲ့ သူတင်းတင်းကြပ်ကြပ်
စောင့်မတ်ခဲ့ပါတယ်။ အိမ်ကို ကောင်လေးတစ်ယောက်ယောက် ဖုန်းဆက်လာရင်
သူစစ်ဆေးမေးမြန်းပါတယ်။ ကျောင်းဆင်းလို့ သမီးအိမ်ပြန်နည်းနည်းနောက်ကျရင်
စစ်ပါတယ်။ ဒါတင်မက သမီးပြောတာဟုတ်မဟုတ် ဆရာမဆီဖုန်းဆက်ပြီး
အဖြစ်မှန်ကိုမေးမြန်းပါတယ်။ ဒါကြောင့် ...သူ့သမီးနဲ့သူ့ရဲ့ဆက်ရေးက
နွေးထွေးမနေဘဲ အမြဲတင်းမာအေးစက်ခဲ့ပါတယ်။
အဲဒီအုပ်ထိန်းသူက
သမီးရဲ့အသွားအလာကို ခြေရာခံနိုင်ဖို့၊ သမီးရဲ့လုံခြုံစိတ်ချရေးအတွက်
သမီးကို ဖုန်းတစ်လုံးဝယ်ပေးခဲ့တယ်။ နောက်တော့
သမီးရဲ့ဖုန်းကိုတိတ်တဆိတ်စစ်ဆေးကြည့်ခဲ့တယ်။ ကောင်လေးတချို့နဲ့
သမီးခင်ခင်မင်မင် ရင်းရင်းနှီးနီးဆက်သွယ်ထားတာကိုတွေ့တော့ မိခင်ဖြစ်သူဟာ
စိတ်တိုဒေါသထွက်ပြီး ဖုန်းကိုပြန်သိမ်းခဲ့တယ်။ ဖုန်းအသိမ်းခံရလည်း
သမီးမှာနည်းရှိတယ်။ နောက်တစ်နေ့မှာ အတန်းဖော်သူငယ်ချင်းရဲ့ဖုန်းကို
ငှားပြန်လာခဲ့တယ်။ ငှားလာတဲ့ဖုန်း အသိမ်းပြန်ခံရတော့ သမီးဟာ
ကျောင်းဆင်းချိန်မှာ တခြားသူရဲ့ဖုန်းကိုငှားပြီး ဖုန်းအသိမ်းခံရတဲ့အတွက်
သူစိတ်တိုကြောင်း၊ ည အိမ်ပြန်မလာတော့ကြောင်း သူ့မိခင်ဆီမက်ဆေ့ပို့ခဲ့တယ်။
အဲဒီနောက် ဖုန်းအဆက်အသွယ် မရခဲ့တော့ဘူး။ သမီးအိမ်ပြန်မလာတော့ မိခင်ဖြစ်သူက
တစ်ညလုံးစိတ်ပူပြီး အိပ်မပျော်တော့ဘူး။ မိခင်ဖြစ်သူဟာ
နောက်တစ်နေ့မနက်စောစောမှာ သမီးရဲ့ကျောင်းရှေ့ကိုသွားပြီး သမီးကျောင်းအလာကို
သွားစောင့်နေခဲ့တယ်။ မနေ့ညတစ်ညလုံး သမီးဘယ်သွားခဲ့သလဲဆိုတဲ့အတွေးနဲ့
စိတ်တိုဒေါသထွက်ပြီး သမီးရဲ့အတန်းပိုင်ဆရာမကို သွားရှာပြီး
အကျိုးအကြောင်းပြောပြလိုက်တယ်။ အတန်းပိုင်ကတဆင့်
ကျောင်းအုပ်ကြီးဆီရောက်သွားပြန်တယ်။ ကျောင်းအုပ်ကြီးက အတန်းပိုင်ဆရာ၊
ဆရာမတွေကိုခေါ်ပြီး အရေးပေါ် အစည်းအဝေးလုပ်တော့တယ်။ ကျောင်းက
သတ္တမတန်းကျောင်းသူတစ်ဦး ညအိမ်ပြန်မအိပ်ခဲ့ကြောင်း၊ ဒါကို အတန်းပိုင်တိုင်း
ကြပ်မတ်သင့်ကြောင်းပြောတယ်။
နောက်ဆုံး
စုံစမ်းမေးမြန်းစီစစ်ပြီးသိရတာက အဲဒီကျောင်းသူဟာ
မိခင်ဖြစ်သူကိုစိတ်ကောက်ပြီး မိခင်ကိုထိတ်လန့်စေချင်တာနဲ့ ညကတစ်ညလုံး
အင်တာနက်ဆိုင်မှာပဲ အချိန်ဖြုန်းခဲ့ကြောင်း၊ ဘာမှထွေထွေထူးထူး
မဖြစ်ပွားခဲ့ကြောင်းသိရတယ်။ ဒါပေမယ့် နောက်တစ်နေ့
အဲဒီကျောင်းသူကျောင်းလာတက်ချိန်မှာ အရာအားလုံးကပြောင်းလဲသွားပါတယ်။
လူတိုင်းက သူ့ကိုထူးဆန်းအံ့သြတဲ့အကြည့်နဲ့ ကြည့်ခဲ့ကြတယ်။ ညတုန်းက
ဘယ်သွားပြီးဘာလုပ်ခဲ့တယ်ဆိုတဲ့ ခန့်မှန်းအကြည့်၊ အထင်အမြင်သေးတဲ့အကြည့်နဲ့
သူ့ကိုကြည့်ခဲ့ကြတယ်။ ဒီအချိန်ကျမှ မိခင်ဖြစ်သူက
ကိစ္စကိုကြီးကြီးမားမားဖြစ်အောင် လုပ်လိုက်မိတဲ့အတွက် နောင်တရမိခဲ့ပါတယ်။
သမီးအပေါ် တခြားလူရဲ့သံသသအတွေးတွေကို မဖျောက်ပစ်နိုင်ခဲ့တော့ပါဘူး။
နောက်ဆုံးမှာ လူတွေရဲ့အထင်သေးတဲ့အကြည့်၊ သံသယအကြည့်တွေရဲ့ဒဏ်ကို
သမီးမခံနိုင်လို့ ကျောင်းပြောင်းတဲ့အထိ ဖြစ်ခဲ့ရပါတယ်။
ကျောင်းသစ်ကိုရောက်တော့လည်း မိခင်ဖြစ်သူက ယောက်ျားလေးတွေနဲ့မပေါင်းရလို့
အမိန့်ထုတ်ပြန်တယ်။ ကျောင်းသစ်ရောက်စမှာ သမီးဖြစ်သူက အတန်းဖော်အသစ်တွေနဲ့
ချက်ချင်းရောနှောဖို့၊ ခင်မင်ဖို့ခက်ခဲ့တယ်။ သူငယ်ချင်းမရှိခဲ့တာကြောင့်
သင်ယူရေးမှာလည်း နောက်ကျ၊ နိမ့်ကျခဲ့တယ်။ အဲဒီအချိန်မှာ
အတန်းကြီးကျောင်းသားတစ်ယောက်က သူ့ကိုစိတ်ဝင်စားပိုးပန်းတာနဲ့ ကြုံခဲ့တယ်။
အဲဒီမှာ အဲဒီကျောင်းသားနဲ့ သူ “ရည်းစားဖြစ်”ခဲ့ပါတော့တယ်။ နောက်ဆုံး
မိခင်ဖြစ်သူနဲ့ပြဿနာတွေတက်ပြီး အိမ်ကနေထွက်သွားတဲ့အထိ ဖြစ်ခဲ့တယ်။
မိခင်ကတော့ စိတ်ညစ်၊ မျှော်လင့်ချက်မဲ့တာကလွဲလို့ ဘာမှမကြံတတ်ဖြစ်ခဲ့ပါတယ်။
ဒီလိုအဖြစ်အပျက်မှာ အရွယ်မရောက်ခင် ရည်းစားထားတဲ့အဖြစ်မျိုး
ကျွန်မတို့တွေ့ရပါတယ်။ ဒီလိုအဖြစ်မျိုးအတွက် အုပ်ထိန်းသူတို့မှာ
လုပ်ဆောင်နည်းနှစ်နည်းရှိပါတယ်။ တစ်နည်းက အေးအေးငြိမ်ငြိမ်
လမ်းကြောင်းပြောင်းပေးနိုင်ဖို့နဲ့ နောက်တစ်နည်းက
ပြင်းပြင်းထန်ထန်ပြောင်းလဲနိုင်ဖို့ဖြစ်တယ်။ အုပ်ထိန်းသူတိုင်းက
ပထမနည်းကိုလုပ်ဆောင်နိုင်ဖို့ မျှော်လင့်ကြပေမယ့် နောက်ဆုံးမှာ
တော်တော်များများက ဒုတိယနည်းနဲ့ပဲအဆုံးသတ်ကြရတယ်။ ကလေးတွေ
စောစောစီးစီးရည်းစားထားတာကို သူတို့တားမြစ်ချင်ကြပေမယ့်
မှားယွင်းတဲ့နည်းနဲ့ ကလေးကိုသူတို့တွန်းမိကြတယ်။ ကလေးတွေကို
နွံထဲပြုတ်ကျသွားအောင် မတော်တဆသူတို့လုပ်မိတတ်ကြတယ်။
မိဘတိုင်း
နုပျိုခဲ့ဖူးပါတယ်၊ ဆယ်ကျော်သက်အရွယ်ကို ဖြတ်သန်းခဲ့ဖူးပါတယ်။ ကျွန်မတို့
ဆယ်ကျော်သက်ဘဝကို ခေတ္တပြန်အောက်မေ့ကြည့်တဲ့အခါ
ဒီလိုအလယ်တန်းကျောင်းသားအရွယ်မှာ လိင်ကွဲတွေအပေါ် စိတ်ခံစားချက်ရှိတတ်တာဟာ
ပုံမှန်ပါ။ ဒါကြောင့် ကျွန်မတို့ရဲ့ကလေးတွေ
စိတ်ခံစားချက်ဖွံ့ဖြိုးတဲ့အရွယ်ရောက်လာတဲ့အခါ ဒါကို ကျွန်မတို့နားလည်မှု
ပိုပေးသင့်ပါတယ်။
အုပ်ထိန်းသူတစ်ဦးရဲ့ စာတိုလေးတစ်စောင်ကို
ကျွန်မရခဲ့ဖူးပါတယ်။ စာထဲမှာရေးထားတာက အဌမတန်းတက်နေတဲ့ သူ့သမီးလေးမှာ
“ရည်းစားရှိနေပြီ” ဘယ်လိုလုပ်ရမလဲလို့ အကြံတောင်းတာဖြစ်တယ်။ သူ့ဆီကို
ကျွန်မချက်ချင်းဖုန်းဆက်ပြီး “ရည်းစားရှိနေပြီ”ဆိုတာ
ဘယ်လိုအခြေအနေမျိုးလဲလို့ မေးမြန်းခဲ့တယ်။
တကယ်တော့
သမီးနဲ့အတန်းတူ တခြားအခန်းကကျောင်းသားတစ်ယောက်က ကျောင်းအားတိုင်း
သမီးကိုလာရှာပြီး စကားပြောတယ်။ သမီးမွေးနေ့မှာ အတန်းဖော်သူငယ်ချင်းတွေနဲ့
မုန့်အတူစားရင် သမီးကဒီကျောင်းသားလေးကို ခေါ်ကျွေးတတ်တယ်။ ကောင်လေးကလည်း
သမီးကိုလက်ဆောင်ပေးတတ်တယ်။ တစ်ခါတလေ မက်ဆေ့တိုလေးတွေ ပို့တတ်တယ်။
မိခင်ဖြစ်သူက သမီးဖုန်းကို တိတ်တဆိတ်ခိုးစစ်ပြီး ဖုန်းထဲမှာ
ဒီကောင်လေးပို့တဲ့မက်ဆေ့က အများဆုံးဖြစ်နေတာကို တွေ့တယ်။ မက်ဆေ့တချို့မှာလဲ
ချစ်ခင်လိုဟန်တွေပါတာကို တွေ့ခဲ့တယ်။
ကျွန်မတို့ရဲ့စကားထဲက
“ချစ်သူရည်းစား”ဆိုတာ တိကျတဲ့အဓိပ္ပာယ်သတ်မှတ်ချက်ရှိတယ်လို့ အုပ်ထိန်းသူကို
ကျွန်မပြောပြပါတယ်။ ဒီလိုစကားအတူပြောရုံ၊ မုန့်အတူစားရုံနဲ့ ဒီကောင်လေးကို
သမီးရဲ့ချစ်သူလို့ ဘာကြောင့်သတ်မှတ်လိုက်ရသလဲ ပြောပြတယ်။ ကလေးတွေက
ဘာမှဖြစ်တာမဟုတ်ဘဲ ကိုယ်ကိုယ်တိုင်က ကိုယ်နားလည်သလို
ကလေးတွေရဲ့အချင်းချင်းဆက်ဆံရေးကို အဓိပ္ပာယ်သတ်မှတ်လိုက်တာဖြစ်တယ်။
အုပ်ထိန်းသူမိခင်ရဲ့ စိုးရိမ်ပူပန်မှုကို ကျွန်မနားလည်ပါတယ်။ တကယ်လို့
သမီးကိုမထိန်းခဲ့ရင် ဒီကျောင်းသားနဲ့သမီးချစ်ကြိုက်သွားမှာ၊
ပညာရေးထိခိုက်သွားမှာကို သူစိုးရိမ်ခဲ့တယ်။ သမီးကိုထိန်းချင်ရင်
မျက်စိစုံမှိတ်ပြီးထိန်းတာမျိုး မလုပ်ဖို့၊ ကိုယ့်စိတ်ထဲက
မကောင်းတဲ့စိတ်ခံစားချက် အမှိုက်သရိုက်တွေကို အရင်ရှင်းလင်းပြီးမှ
သမီးကိုထိန်းဖို့ သူ့ကိုကျွန်မပြောပြတယ်။ နောက်ဆုံးမှာ
ကျွန်မရဲ့အကြံအတိုင်း သမီးနဲ့သူ အေးအေးဆေးဆေး စကားပြောဖြစ်ခဲ့တယ်။
အကျိုးရလဒ် တော်တော်ကောင်းခဲ့ပါတယ်။
သမီးနဲ့သူ ဒီလိုပြောခဲ့ပါတယ်။
ပထမဆုံးသူကသမီးကို ဒီလိုအရွယ်မှာ လိင်ကွဲတွေအပေါ် စိတ်လှုပ်ရှားတတ်တာ၊
စိတ်ဝင်စားတတ်တာဟာ သဘာဝဖြစ်ကြောင်း ပြောပြတယ်။ သမီးရဲ့စိတ်ဖွံ့ဖြိုးမှုနဲ့
ခန္ဓာကိုယ်ဖွံ့ဖြိုးမှု ထပ်တူကျတာဟာ ကျန်းမာတယ်။ နောက်ပြီး
သမီးကိုနှစ်သက်တဲ့၊ သဘောကျတဲ့ယောက်ျားလေးရှိတယ်ဆိုတာက သမီးဟာ
ချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်မို့လို့၊ ယောက်ျားလေးအပေါ်
ကောင်းတဲ့ထင်မြင်ချက် သမီးမှာရှိတယ်ဆိုတာက တခြားလူကို သမီးနှစ်သက်တတ်လို့၊
အကောင်းမြင်တတ်လို့ဖြစ်တယ်။
အလယ်တန်းမှာ
လိင်ကွဲအပေါ်စိတ်လှုပ်ရှားတယ်ဆိုတာ ဒါဟာအစပဲရှိသေးတယ်။
ချစ်စရာကောင်းတဲ့သမီးလေးကို နှစ်သက်တဲ့လူ၊ သဘောကျတဲ့လူတွေ
ထပ်ပေါ်လာနိုင်သေးတယ်။ ကိုယ့်ကိုနှစ်သက်တဲ့လူတွေကို စိတ်ထဲမှာ
ကျေးဇူးတရားထည့်ထားရမယ်။ တစ်ချိန်တည်းမှာပဲ သမီးမှာလည်း နှစ်သက်ထိုက်တဲ့၊
သဘောကျထိုက်တဲ့ ယောက်ျားလေးတွေ အများကြီးပေါ်လာနိုင်သေးတယ်။
အဲဒီယောက်ျားလေးတွေတိုင်းမှာ မတူတဲ့ ကောင်းကွက်တွေရှိတယ်။
လူတစ်ယောက်က ကိုယ်တိုင်ချစ်စရာကောင်းအောင်နေမှ
တခြားလူနှစ်သက်ထိုက်သူဖြစ်တယ်။ တကယ်လို့ ကျောင်းသူတစ်ယောက်က
ပညာရေးမကောင်းဘူး၊ စိတ်နေစိတ်ထားကလည်း သာမန်ပဲ၊
လုပ်နိုင်ကိုင်နိုင်ရည်ကလည်း သာမန်ပဲဆိုရင် တခြားသူကို ဘယ်လိုနှစ်သက်စေမလဲ။
အလယ်တန်းကျောင်းသူတစ်ယောက်အတွက် ပညာရေးက အဓိကဖြစ်တယ်၊ စိတ်နေစိတ်ထားနဲ့
လုပ်ရည်ကိုင်ရည်က အဲဒီအသိပညာအပေါ် အခြေခံပြီးဖြစ်လာတာဖြစ်တယ်။
ပညာကိုကောင်းကောင်းသင်ယူမှ ပိုပြီးချစ်စရာကောင်းတဲ့သူဖြစ်မယ်၊
တခြားလူနှစ်သက်ထိုက်တဲ့သူဖြစ်မယ်။ ကိုယ်တိုင်ကလည်း တခြားသူကိုနှစ်သက်ဖို့
တဖြေးဖြေးသင်ယူနိုင်မှာဖြစ်တယ် လို့ သမီးကို သူပြောပြခဲ့တယ်။
သမီးနဲ့ဒီလိုစကားတွေပြောတော့ သမီးဝမ်းသာကြောင်း မိခင်ဖြစ်သူက
ကျွန်မဆီဖုန်းဆက်ခဲ့တယ်။ အဲဒီနောက်ပိုင်း သမီးဟာ ဘယ်သူ့ဆီက မက်ဆေ့ရတယ်၊
ဘယ်သူက သူ့ကိုစာတိုလေးတွေရေးပေးတတ်တယ်၊ ဘယ်သူကဖြစ်
သဘောကောင်းကြောင်းဆိုတာတွေ မိခင်ကိုပြောပြတတ်ခဲ့တယ်။ သမီးနဲ့အတူ
ပိုတွဲဖြစ်ခဲ့တဲ့ကျောင်းသားနဲ့လည်း သမီးတွဲနေတုန်းပါပဲ။ ဒါပေမယ့်
သာမန်သူငယ်ချင်းအဆင့်၊ တခြားကျောင်းသူကျောင်းသားတွေနဲ့မခြား
သူတို့ရှိနေခဲ့ပါတယ်။ “အုပ်ထိန်းသူတွေရဲ့ရင်ထဲမှာ အမြင်ရှင်းလင်းရင်၊
နေရောင်ရှိရင် သားသမီးတွေရဲ့ရင်ထဲမှာလည်း နေရောင်နဲ့လင်းလက်နေမယ့်အကြောင်း”
အဲဒီအုပ်ထိန်းသူ အသိတရားရခဲ့ပါတယ်။
တကယ်တော့ ဒီစာပိုဒ်ထဲမှာ
ကျွန်မအဓိကဆိုလိုချင်တာက အရွယ်ရောက်သူတွေဟာ ဘယ်လိုသန့်ရှင်းတဲ့မျက်လုံးနဲ့၊
အကြည့်နဲ့ ကလေးတွေကို ကြည့်ရှုရမယ်ဆိုတာဖြစ်တယ်။ ချစ်မှုရေးရာကို
ဘယ်လိုပညာပေးရမယ်လို့ဆိုချင်တာ မဟုတ်ပါဘူး။ ကျန်းမာသန့်ရှင်းတဲ့
အတွေးနဲ့အသိဉာဏ်နဲ့ ကလေးတွေကိုသွန်သင်ဖို့၊ နားလည်မှုပေးဖို့ဖြစ်တယ်။
ကလေးတချို့မှာ အကျင့်စရိုက်၊ အပြုအမူမှားယွင်းနေတတ်ကြတယ်။
ဒီလိုမှားယွင်းရတဲ့ အဓိကအချက်က အရွယ်ရောက်သူ လူကြီးတွေရဲ့ “အမှိုက်အတွေး”
ထိပါးမှုကြောင့်ဖြစ်တယ်။ ဒီလိုအမှိုက်အတွေးတွေက စက်ရုံအလုပ်ရုံက ထုတ်လွှတ်တဲ့
အဆိပ်ရှိပစ္စည်းလို၊ မသန့်ရှင်းတဲ့ရေတွေလိုပဲ
ကလေးတွေရဲ့နဂိုဖြူစင်သန့်ရှင်းတဲ့၊ အပြစ်ကင်းတဲ့ကောင်းကင်ကို
ဖြေးဖြေးချင်းညစ်ညမ်းစေပါတယ်။ ဖွံ့ဖြိုးမှုကို ပျက်စီးစေပါတယ်။ ကလေးတွေ
အရွယ်မရောက်မီ ရည်းစားထားတဲ့ဖက်မှာတင်မက တခြားအမှိုက်သရိုက်အတွေးတွေဟာလည်း
ကလေးကို အပြောင်းအလဲဖြစ်စေနိုင်ပါတယ်။
ဥပမာအနေနဲ့ပြောရရင်
အုပ်ထိန်းသူတစ်ဦးဟာ ကလေးငယ်ရွယ်စဉ်ကတည်းက ကလေးကိုတင်းကျပ်လွန်းခဲ့တယ်။
ငွေကြေးကို သေချာစီစစ်တယ်၊ သူခိုးရန်က ကာကွယ်သလို
ကလေးကိုအမြဲစောင့်ကြည့်ခဲ့တယ်။ သူ့အသိထဲမှာ ကလေးငယ်ဟာ အခွင့်အရေးရတာနဲ့
ပိုက်ဆံတွေခိုးလိမ့်မယ်လို့ သူထင်ခဲ့တယ်။ အိမ်ကပိုက်ဆံတွေကို ကလေးမသိအောင်
သူသေသေချာချာ ဖွက်ထားတဲ့အပြင် ကလေးငယ် ကျောင်းမှာတစ်ခုခုဝယ်ဖို့
ပိုက်ဆံတောင်းတဲ့အခါတိုင်းမှာလည်း သူက သံသယအမေးနဲ့ “အဲဒီပစ္စည်းက
အဲလောက်ပေးရလို့လား.. မှန်မှန်ပြောနော်”လို့ မေးတတ်ခဲ့တယ်။ ပိုက်ဆံပေးဖို့
သူသဘောတူသည့်တိုင် ကလေးကပိုက်ဆံအိတ်ထဲ ပိုက်ဆံယူတဲ့အခါမှာလည်း “ပြစမ်း..
မေမေကြည့်မယ်.. ပိုက်ဆံတွေ ပိုယူထားသလား၊ ပိုက်ဆံမခိုးရဘူးနော်”လို့
ပြောလေ့ရှိတတ်တယ်။ သူ့ရဲ့မယုံကြည်မှုနဲ့ တင်းတင်းကျပ်ကျပ်
စောင့်ကြည့်မှုအောက်မှာ ကလေးဟာ ဒီလိုစောင့်ကြည့်မှုကို
ဆန့်ကျင်လိုတဲ့စိတ်တွေ၊ အင်အားတွေရှိလာခဲ့တယ်။ အလယ်တန်းရောက်ချိန်မှာ
အိမ်ကပိုက်ဆံတွေကို သူ စခိုးပါတော့တယ်။ တစ်ခါက ဖခင်နဲ့အတူ ငွေထုတ်စက်မှာ
ငွေထုတ်ပြီးနောက် ဖခင်ရဲ့လျှို့ဝှက်နံပါတ်ကို သူတိတ်တခိုးမှတ်ထားပြီး
ပိုက်ဆံတွေစခိုးထုတ်တော့တယ်။ တစ်လအတွင်းမှာ ၃ကြိမ်ခွဲပြီး ငွေထုတ်ခဲ့တယ်။
ရတဲ့ငွေတွေကိုလည်း လျှောက်ဖြုန်းပစ်ခဲ့တယ်။ ပိုက်ဆံခိုးတဲ့ကိစ္စ
သိသွားတိုင်း အုပ်ထိန်းသူက ကလေးကိုပြင်းပြင်းထန်ထန်ရိုက်တဲ့အပြင်
ဒီလိုအသုံးမကျတဲ့ကလေးကို ဘာကြောင့်မွေးခဲ့တာပါလိမ့်လို့
သက်ပြင်းရှည်ချပြီးပြောခဲ့တယ်။ သားပျက်စီးမှာစိုးလို့ ငွေကြေးပိုင်းမှာ
ဒီလောက်တင်းကျပ်ခဲ့တာတောင် ဘာကြောင့်ဒီလိုလာဖြစ်ပျက်မှန်း
သူနားမလည်ဖြစ်ခဲ့ရတယ်။
အပေါ်ကဥပမာနဲ့နှိုင်းယှဉ်ကြည့်လို့ရတဲ့ အဖြစ်အပျက်တစ်ခုကို ကျွန်မရဲ့နောက်မိတ်ဆွေတစ်ဦးက ကျွန်မကိုဒီလိုပြောပြခဲ့တယ်။
တတိယတန်းတက်နေတဲ့ မိတ်ဆွေရဲ့သားက ကိစ္စအရေးအခင်းတစ်ခုကြောင့်
ပထမအစမ်းစာမေးပွဲကို မဖြေဖြစ်ခဲ့ဘူး။ မိတ်ဆွေက
စာမေးပွဲမှာမေးတဲ့မေးခွန်းတွေ သားကိုပြန်ဖြေခိုင်းချင်တာနဲ့
ကျောင်းကသက်ဆိုင်ရာ ဆရာ၊ ဆရာမတွေဆီမှာ မေးခွန်းတွေတောင်းခဲ့တယ်။
အိမ်ပြန်ရောက်တော့ သားကို စာမေးပွဲခန်းစည်းကမ်းအတိုင်း
မေးခွန်းတွေကိုဖြေဆိုစေခဲ့တယ်။
သားကို မေးခွန်းတွေပေးချိန်မှာ
သူတစ်ချက်စဉ်းစားလိုက်တယ်။ သားကို အချိန်ကြည့်ပြီး သူဘာသာသူဖြေခိုင်းမလား၊
ဒါမှမဟုတ် သူစောင့်ကြည့်ရမလား။ ဖြေနေတုန်း သားခိုးမကြည့်ရအောင်
သားအခန်းထဲကစာအုပ်တွေကို သိမ်းထားလိုက်ရမလားလို့လည်း သူစဉ်းစားမိတယ်။
ခါတိုင်းအချိန်မှာလည်း သားက စာတွေကောင်းကောင်းမလိုက်နိုင်ခဲ့ဘူး။
တချို့ပုစ္ဆာတွေကို ဖြေတတ်မှာမဟုတ်ဘူး။ စာအုပ်ထဲ သူ့ခိုးကြည့်မလား။
ခဏလောက် သူစဉ်းစားပြီး သားကိုယုံကြည်ဖို့ သူဆုံးဖြတ်လိုက်တယ်။
သားကိုခေါ်ပြီး သားကိုယ်တိုင်အချိန်ကြည့်ဖြေပါ၊ အချိန်စေ့တာနဲ့
ဆက်မဖြေနဲ့တော့လို့ပဲပြောပြီး သားအခန်းကိုပိတ်ပြီး သူထွက်သွားခဲ့တယ်။
ဒီတတိယတန်းကလေးကလည်း စာမေးပွဲဆိုတာဘယ်လိုပုံစံဆိုတာ သိထားတော့
တကယ့်စာမေးပွဲဖြေတဲ့ စည်းကမ်းအတိုင်း သူ့ကိုယ်သူထိန်းပြီး ဖြေခဲ့တယ်။
အချိန်စေ့တာနဲ့ ဆက်မဖြေခဲ့တော့ဘူး။ “ခိုးကြည့်”တယ်ဆိုတာကို
သူနားတောင်မလည်ခဲ့ဘူး။ မဖြေတတ်တဲ့ပုစ္ဆာတွေကိုလည်း
ခိုးကြည့်မယ်ဆိုတဲ့အတွေးတောင် မဝင်ခဲ့ကြောင်းကို သူ့မေမေအကဲခတ်ကြည့်နေရင်းက
သိခဲ့ရတယ်။ တကယ်တော့ ကလေးတွေက ဒီလောက်ပဲဖြူစင်ရိုးသားလိုက်သလားလို့
သူတအံ့တသြရေရွတ်ခဲ့မိတယ်။ “စာမေးပွဲဆိုတာ စာခိုးကြည့်လို့ရတယ်၊ နင်က
သိပ်ယုံကြည်ရတဲ့ကလေးမဟုတ်ဘူး”ဆိုတဲ့အတွေးဆိုးမျိုး သားခေါင်းထဲဝင်သွားဖို့
သူမသုံးနှုန်းခဲ့၊ မပြောခဲ့တာကိုလည်း သူ့ကိုယ်သူကျေးဇူးတင်ခဲ့ပါတယ်။
လူတွေက စောင်းပါးရိပ်ခြေပြောတာကို အလွယ်တကူခံယူတတ်ကြတယ်။ ဒီထဲမှာ
အရွယ်ရောက်တဲ့လူကြီးတွေလည်း ပါဝင်ပါတယ်။ တကယ်လို့ လူတစ်ယောက်ကို
စာရိတ္တကောင်းလိုက်တာ၊ ရိုးသားကြင်နာတတ်လိုက်တာလို့ မကြာခဏ
စောင်းပါးရိပ်ခြေပြောပေးရင် သူဟာ အဲဒီလိုအပြောအဆိုကြားမှာ သူ့ကိုယ်သူ
ဒီလိုပဲခံယူလာတတ်တယ်။ သူ့ရဲ့အကျင့်စာရိတ္တတွေဟာလည်း ကျန်းမာတဲ့ဖက်ကို
ဦးတည်လာတတ်တယ်။ တကယ်လို့ လူတစ်ယောက်ကို မကောင်းတဲ့ဘက်မှာပဲ
အမြဲစောင်းပါးရိပ်ပါးပြောရင် သူ့ကိုယ်သူ အဲဒီလိုပဲခံယူလာတယ်။
ကိုယ့်ကိုယ်ကိုယုံကြည်မှု တဖြေးဖြေးမဲ့လာပြီး မကောင်းတဲ့ဘက်ဆီ
လျောကျသွားတော့တယ်။
လူတွေရဲ့လေ့လာဆန်းစစ်ချက်အရ
လူတစ်ယောက်ရဲ့ရုပ်ရည်ဟာလည်း တခြားလူမပြတ်ပြောဆိုတဲ့
စောင်းပါးရိပ်ပါးစကားတွေကြားမှာ ပြောင်းလဲသွားတတ်ကြောင်း သိရပါတယ်။
သာမန်ရုပ်ရည်ရှိသူတစ်ယောက်က မပြတ်ချီးမွမ်းပြောဆိုတဲ့စကားတွေကြားမှာ
သူ့ရုပ်ရှည်ကတောက်ပြောင်သထက် တောက်ပြောင်လာတတ်တယ်။ ရုပ်ရည်လှပသူတစ်ယောက်က
မပြတ်ရှုံ့ချပြောဆိုတဲ့စကားတွေကြားမှာ သူ့ရုပ်ရည်က ညိုးနွမ်းမွဲခြောက်
ထုံထိုင်းလာတတ်တယ်။ အုပ်ထိန်းသူတွေက ကျန်းမာတဲ့စိတ်နေစိတ်ထားနဲ့
ကလေးတွေကိုဆက်ဆံမှ ကလေးတွေက စိတ်ရောခန္ဓာပါ ကျန်းကျန်းမာမာနဲ့
ကြီးထွားဖွံ့ဖြိုးလာနိုင်မှာဖြစ်တယ်။
ဒီလိုပုံပြင်တစ်ပုဒ်ကို
ကျွန်မဖတ်ဖူးခဲ့ပါတယ်။ လူတစ်ယောက်ဟာ ဘုရားလောင်းနဲ့တွေ့စဉ်
သူထိုင်တဲ့ပုံစံဘယ်လိုလဲလို့ ဘုရားလောင်းကိုမေးခဲ့သတဲ့။ ဘုရားလောင်းက
အသင်ထိုင်နေတဲ့ပုံစံက ဘုရားတစ်ဆူနဲ့တူတယ်လို့ ပြန်ဖြေခဲ့တယ်။
ဒီလိုပြောတာကိုကြားတော့ အဲဒီလူအရမ်းဝမ်းသာသွားတယ်။ နောက်တော့
သူကအပျော်အပျက်လုပ်ချင်တာနဲ့ ဘုရားလောင်းကို အရှင်ထိုင်နေတဲ့ပုံစံက
နွားချီးပုံတစ်ပုံနဲ့တူတယ်လို့ ပြောလိုက်တယ်။ ဘုရားလောင်းက
သူပြောတဲ့စကားကို စိတ်မဆိုးသလို ဘာမှလည်း မတုန့်ပြန်ခဲ့ဘဲ ပြုံးနေခဲ့တယ်။
အဲဒီလူဟာ အိမ်ပြန်ရောက်တာနဲ့ သူ့နှမကို
ဒီအကြောင်းဝမ်းသာအားရပြောပြလိုက်တယ်။ ဒါပေမယ့် သူ့ညီမက
အစ်ကိုဒီလိုပြောလိုက်ရလို့ အစ်ကိုနိုင်သွားပြီလို့ ထင်နေလား
အစ်ကိုလုံးဝရှုံးသွားတာပါ။ ဘုရားလောင်းရဲ့စိတ်ထဲမှာ ဘုရားပဲရှိနေခဲ့လို့
အစ်ကို့ကို ဘုရားတစ်ဆူနဲ့တူတယ်လို့ မြင်ခဲ့တယ်။ အစ်ကိုရဲ့စိတ်ထဲမှာတော့
နွားချီးပုံပဲရှိခဲ့လို့ တခြားသူကို နွားချီးပုံလိုပဲမြင်ခဲ့တာပါ
လို့ပြန်ပြောလိုက်တယ်။
အုပ်ထိန်းသူတွေလည်း ကလေးတွေကို
နွားချီးပုံလို့ မမြင်မိပါစေနဲ့။ တကယ်လို့ အဆိုးဆန်တဲ့စကားအပြောအဆိုနဲ့
ကလေးကို အရိပ်အမြွက်တွေပြနေခဲ့ရင် ကလေးရဲ့နဂိုဖြူစင်ရိုးသားခြင်းကို
ဖျက်ဆီးပစ်နိုင်သလို သူတို့ရဲ့အကျင့်စရိုက်တွေကိုလည်း
ပုံပျက်သွားစေနိုင်ပါတယ်။ သိထားရမှာက ကလေးတွေဟာ ဘုရားလောင်းလို စွမ်းရည်နဲ့
တည်ငြိမ်တဲ့စိတ် မရှိဘူးဆိုတာ…။
*** *** (တရုတ်စာရေးဆရာမ “Yin
Jian Li” ရဲ့ “မိခင်ကောင်းက ဆရာသမားကောင်းထက်သာလွန်တယ်”ဆိုတဲ့စာအုပ်ကို
ဆီလျှော်အောင် ဘာသာပြန်ထားတာဖြစ်ပါတယ်။ စာပိုဒ်ကအရှည်ကြီး..
ဖတ်ရပျင်းမှာစိုးလို့ လိုအပ်တဲ့နေရာလောက်ပဲ ကျွန်မဖြတ်တောက်ပြီး
မျှဝေတာဖြစ်ပါတယ်)
Page ၀န်ဆောင်မှုပေးခြင်း မှ ပြန်လည်မျှဝေပါသည်။
Credit to နိုင်းနိုင်းစနေ
၏စာမျက်နှာမှကူးယူသည်။
No comments:
Post a Comment